ရခိုင်ပြည်နယ်နှင့်ပတ်သက်သောရင်းနှီးမြှုပ်နှံမှုပြပွဲမှ မျှော်လင့်ချက်များ        

     ရခိုင်ပြည်နယ်အတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအချို့ဝင်ရောက်လျက်ရှိသော်လည်းရေနံနှင့်သဘာဝဓာတ် ငွေ့ရှာဖွေထုတ်လုပ်ရေးဖြစ်သောကမ်းလွန်ပိုင်းတွင်ရင်းနှီးမြှုပ်နှံမှုပိုမိုများပြားကြောင်းသိရပြိး၊ကုန်းတွင်းပိုင်းတွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားနည်းသေးကြောင်းသိရသည်။ထို့အတူပြည်တွင်းလုပ်ငန်းရှင်များ၏လာရောက်ရင်းနှီးမှု များမှာနည်းပါးနေသေးကြောင်းဖြင့်သိရသည်။

By ကျွန်းသားငမန်း 21 Feb 2019

Written by - ကျွန်းသားငမန်း

စာရေးသူတို့နေထိုင်သောရခိုင်ပြည်နယ်မှာစီးပွားရေး ရေခံ၊မြေခံကောင်းသည့်ဒေသတစ်ခုဖြစ်သည်။ သို့ရာတွင် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးနှင့်အတူမွေးဖွားလာခဲ့သည့်ပြည်တွင်းသောင်းကျန်းမှုစသည့်အကြောင်းအမျိုး ကြောင့်စီးပွားရေး၊လူမှုရေးဖွံ့ဖြိုးတိုး တက်မှုနောက်ကျနေခဲ့သည့်ပြည်နယ်ဖြစ်သည်။ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးအတွက်ဆောင်ရွက်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ လည်းအရေးကြီးသည်။ ရခိုင်ပြည်နယ်သည် လယ်ယာ စိုက်ပျိုးရေးကိုအခြေခံသောပြည်နယ်တစ်ခုဖြစ်သည်။ ကြီးမားသောစက်မှုလက်မှု လုပ်ငန်းများထူထောင်နိုင်ခြင်းမရှိသေး။အသေးစား၊အလတ်စားစီးပွားရေး လုပ်ငန်းများထူထောင်နိုင်ရန်အစ ပျိုးရုံသာရှိသေးသည်။

ရင်းနှီးမြှုပ်နှံမှုပြပွဲ

ရခိုင်ပြည်နယ်အတွင်းစီးပွားရေးလုပ်ငန်းများတွင်အင်နှင့်အားနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်သူများမရှိသေး။ခေတ်အဆက်ဆက်အစိုးရများသည်ရခိုင်ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖိတ်ခေါ်ဆွေးနွေးမှုများရှိခဲ့သည်။၂၀၁၀ ပြည့်အလွန်ဒီမိုကရေစီခေတ်ပေါ်ထွန်းလာခဲ့ပြီး၊ရခိုင်ပြည်သူများကရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းခဲ့သောပြည်နယ်အစိုးရအဖွဲ့ကလည်းရခိုင်ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်စက်မှုဇုန်များဖော်ထုတ်ရေးအပါအဝင်လုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။

သို့ရာတွင် ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့်အရေးအခင်းများကြောင့် ရင်းနှီးမြှုပ်နှံမည့် သူများမှာ အခြေအနေများကိုစောင့်ကြည့်နေခဲ့ ကြပြီး၊ရင်းနှီးမြှုပ်နှံမည့်သူများနည်းပါးခဲ့ သည်ကိုတွေ့ရသည်။ ဒုတိယအကြိမ်ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည်လည်း ရခိုင်ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည်ကိုတွေ့ရသည်။ယင်းတို့အနက်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများရခိုင်ပြည်နယ်အတွင်းသို့ပိုမိုဝင်ရောက်လာစေရေး၊ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့်ရင်းနှီးမြှုပ်နှံမှုပြပွဲကိုသံတွဲမြို့နယ် ငပလီ၌ ၂၀၁၉ ခုဖေဖေါ်ဝါရီလ၂၁ ရက်နှင့်၂၂၊၂၃ ရက်နေ့များတွင်ကျင်းပရန်စီစဉ်နေကြောင်း သိရသည်။

အဆိုပါပြပွဲသို့ပြည်တွင်းပြည်ပမှရင်းနှီးမြှုပ်နှံသူများအားဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ရခိုင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါပြပွဲတွင်မိမိတို့၏လုပ်ငန်းများကိုပြသခွင့်ရရှိကြမည်ဖြစ် ပြီး ရင်းနှီးမြှုပ်နှံမည့်ပြည်တွင်း၊ပြည်ပမှလုပ်ငန်းရှင်များနှင့်ဆွေးနွေးခွင့်ရရှိကြမည်ဖြစ်သည်။အခွင့်သာလျှင်လုပ်ငန်း များဆောင်ရွက်နိုင်ရေး MoU နားလည်မှုသဘောတူစာချုပ်များချုပ်ဆိုခွင့်ရကြမည်ဖြစ်သည်။

စီးပွားရေးအခြေခံအချက်များ

၂၀၁၀ ခုနှစ်နောက်ပိုင်းဖွဲ့စည်းခဲ့သောရခိုင်ပြည်နယ်အစိုးရအဖွဲ့အဆက်ဆက်သည် ပြည်နယ်တွင်းရင်းနှီး မြှုပ်နှံမှုများကိုဖိတ်ခေါ်လျက်ရှိသည်။ဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ပြည်တွင်းမှစီးပွားရေးလုပ်ငန်းရှင်များ အပါအဝင်ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များ အားအစဉ်အမြဲဖိတ်ခေါ်လျက်ရှိသည်။စက်မှုလက်မှုလုပ်ငန်းများ ထူထောင် နိုင်ရန်စက်မှုဇုန်များဖော်ဆောင်ရေးကိုတစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့သည်။ထို့အတူ စက်မှုလက်မှု လုပ်ငန်းများထူထောင်ရာ၌မရှိမဖြစ်လိုအပ်သောလျှပ် စစ်မီးရရှိရေးကိုလည်းအလေးထားဆောင်ရွက်ခဲ့သည်။ ယခုအခါပုဏ္ဏားကျွန်းတွင်တည်ဆောက်မည့်ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းကိုအလေးထား၍ပုဏ္ဏားကျွန်းတွင် ၂၃၀ ကေဗွီပုဏ္ဏားကျွန်းဓာတ်အားခွဲရုံကိုတည်ဆောက်ခဲ့ပြီး ဖြစ်သည်။

ရခိုင်ပြည်နယ်သို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရာ တွင်မဟာဓာတ်အားလိုင်းမှတစ်ဆင့်ဖြန်ဖြူးပေးနေခြင်း ဖြစ်ရာ လျှပ်စစ်ဓာတ်အားမပြတ်တောက်စေရေး အတွက် ဥသျှစ်ပင်ပင်မဓာတ်အားခွဲရုံမှတောင်ကုတ်(ဘာယေ) လိုင်းဖြင့်ချိတ်ဆက်ပေးနေသလို၊နောက်ထပ် လိုင်းတစ်လိုင်းကိုလည်း မန်း-အမ်းဓာတ်အားလိုင်း ၆၇ မိုင်ကိုသွယ် တန်းပြီးရခိုင်ပြည်နယ်သို့ဖြန့်ဖြူးပေး နေသည့်မူလဓာတ်အားလိုင်းများနှင့်ဆက်သွယ်ထားပြီးဖြစ်သည်။ထို့အတူ ကျောက်ဖြူမြို့တွင်လည်း GAS Engine စက်ရုံတည်ဆောက်ပြီးသဘာဝဓာတ်ငွေ့နှင့်ရေနွေးငွေ့သုံးကာလျှပ်စစ် ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

လမ်းပန်းဆက်သွယ်ရေးပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက်ရခိုင်ပြည်နယ်အတွင်းမြို့ရွာအသီးသီးသို့ ကားဖြင့်သွားလာနိုင်သည့်လမ်းကွန်ရက်များကိုဖောက်လုပ်ပေးနိုင်ခဲ့သည့်အပြင်၊ရိုးမအရှေ့နှင့်ဆက်သွယ်သွားလာ နိုင်သည့် ရခိုင်ရိုးမဖြတ်ကျော်လမ်းသုံးသွယ် ဖြစ်သော အမ်း-မင်းဘူး တောင်ကြားလမ်း၊တောင်ကုတ်-ပြည်တောင် ကြားလမ်း၊ဂွ-ငသိုင်းချောင်းတောင်ကြားလမ်းများအပြင် ဂွ-ကျောက်ချွန်-ရွှေသောင်ယံကမ်းခြေပတ်လမ်းကိုလည်း ဖောက်လုပ်ခဲ့ပြီးဖြစ်သည်။

နိုင်ငံတကာနှင့်ရေကြောင်းဆက်သွယ်ရေးလွယ်လင့်တကူဖြစ်ပေါ်စေရေးအတွက်စစ် တွေပင်လယ်ကူးဆိပ်ကမ်းတည်ဆောက်ခြင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ခြင်းအပြင်နယ်စပ်ကုန် သွယ်ရေးသွက်လက်လျင်မြန်စေရန်အတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တောမြို့တွင်ကညင်ချောင်းစက်မှုဇုန်နှင့် စီးပွားရေးဇုန်ဖော်ဆောင်ရေးအတွက်ဆောင်ရွက်နေပြီလည်းဖြစ်သည်။

ထို့အတူ ကျောက်ဖြူSEZ စီးပွားရေးဇုန်၊ စက်မှုဇုန်စီမံကိန်းများ၊ရေနက်ဆိပ်ကမ်းစီမံကိန်းများကိုအကောင်အထည်ဖော်လျက်ရှိနေပြီဖြစ်သည်။ကုလားတန် မြစ်ကြောင်းဘက်စုံသုံးစီမံကိန်းနှင့်အတူဖြစ်ပေါ်လာမည့် အိန္ဒိယနိုင်ငံနှင့်ဆောင်ရွက်မည့်ရခိုင်ပြည်နယ်မြောက် ပိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်းကုန်သွယ်ရေးအတွက်အားထားရနိုင်သည်။

 တစ်ဆက်တည်းပင်ဧရာဝတီ တိုင်းဒေသကြီးနှင့် ဆက်သွယ်သည့်ကမ်းခြေပတ်လမ်းကြောင့်လည်းစီးပွားရေးစင်္ကြန်လမ်းမသစ်ကြီးတစ်ခုကို ဖော်ဆောင်နိုင်ရန်အလားအလာရှိနေပေသည်။

  ရင်းနှီးမြှုပ်နှံမှုများ

ရခိုင်ပြည်နယ်အတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအချို့ဝင်ရောက်လျက်ရှိသော်လည်းရေနံနှင့်သဘာဝဓာတ် ငွေ့ရှာဖွေထုတ်လုပ်ရေးဖြစ်သောကမ်းလွန်ပိုင်းတွင်ရင်းနှီးမြှုပ်နှံမှုပိုမိုများပြားကြောင်းသိရပြိး၊ကုန်းတွင်းပိုင်းတွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားနည်းသေးကြောင်းသိရသည်။ထို့အတူပြည်တွင်းလုပ်ငန်းရှင်များ၏လာရောက်ရင်းနှီးမှု များမှာနည်းပါးနေသေးကြောင်းဖြင့်သိရသည်။

ရခိုင်ပြည်နယ်အတွင်း ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ်အောက်တိုဘာလအထိနိုင်ငံခြားရင်းနှီးမြှုပ် နှံမှုလုပ်ငန်း ၂၈ ခုဝင်ရောက်ခဲ့ပြီး၊အမေရိကန်ဒေါ်လာ ၁၀၂၄၁ ဒသမ ၃၈၃ သန်းရှိခဲ့ကြောင်းသိရသည်။မြန်မာနိုင် ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၁ ခုရှိခဲ့ကာအမေရိကန်ဒေါ်လာ ၁၁၅ ဒသမ၅၆၀ သန်းအပါအဝင်ငွေကျပ် ၂၃၉၃၄၇ ဒသမ၉၂၀ သန်းဝင်ရောက်ခဲ့ ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏စာရင်းများအရသိရသည်။

စာရင်းဖော်ပြချက်များအရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော သတ္တုတူးဖော်ရေးလုပ်ငန်းတစ် ခုမှအမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁၄၇ သန်း၊စွမ်းအင်လုပ်ငန်း ၂၆ ခုမှအမေရိကန်ဒေါ်လာ ၁၀၂၁၃ ဒသမ၉၈၃ သန်းနှင့်တစ်ခြားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှအမေရိကန်ဒေါ်လာ ၉ဒသမ ၂၅၃ သန်းဝင်ရောက်ခဲ့ကြောင်းသိရ သည်။ထို့အတူမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သောစက်မှုလုပ်ငန်းနှစ်ခုမှအမေရိကန်ဒေါ်လာ ၁ သန်း အပါအဝင်ငွေကျပ်သန်း ၃၀၅၂ ဒသမ ၂၀၀၊ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၁၁ ခုမှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ၅၂၀ သန်းအပါအဝင်ငွေကျပ် ၇၂၅၇၆ ဒသမ၀၈၀ သန်း၊ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှအမေရိကန်ဒေါ် လာ ၉ ဒသမ ၃၃၀ သန်းအပါအဝင်ငွေကျပ် ၂၀၇၀၀ ဒသမ၆၅၀ သန်း၊မွေးမြူရေးနှင့်ရေလုပ်ငန်း ငါးခုမှအမေရိ  ကန်ဒေါ်လာ ၆ ဒသမ ၃၈၀ သန်းအပါအဝင် ငွေကျပ် ၄၇၉ ဒသမ ၇၉၀ သန်း၊တစ်ခြားဝန်ဆောင်မှုလုပ်ငန်းနှစ်ခုမှ အမေရိကန်ဒေါ်လာ ၇၉ ဒသမ၃၃၀ သန်းအပါအဝင်ငွေကျပ် ၁၄၂၅၃၉ ဒသမ၂၀၀ သန်းအားခွင့်ပြုပေးခဲ့ကြောင်း လည်းသိရသည်။

ဤစာရင်းများမှာနှစ်ပေါင်းနှစ်ဆယ်တာကာလအတွင်းရခိုင်ပြည်နယ်သို့ဝင်ရောက်ခဲ့သည်ရင်းနှီး မြှုပ်နှံများဖြစ်သည်။ကုန်ထုတ်လုပ်ထက်အခြားဝန်ဆောင်မှုလုပ်ငန်းများတွင်သာရင်းနှီးမြှုပ်နှံမှုများပြားနေသည်ကိုတွေ့ရမည်ဖြစ်သည်။မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်းမွေးမြူရေးနှင့်ရေလုပ်ငန်းလုပ်ငန်းများတွင် သာရင်းနှီးမြှုပ်နှံမှုပြုခဲ့သည်ကိုလေ့လာတွေ့မြင်နိုင်ပေသည်။ဤသည်နှင့်တစ်ဆက်တည်း ပြည်တွင်းအခွန်များဦး စီးဌာနမှထုတ်ပြန်ခဲ့သော ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ရခိုင်ပြည်နယ်မှကုန်သွယ်ခွန်နှင့်အမြတ်ခွန်အများဆုံးပေး သွင်းခဲ့သူ ငါးဆယ်ဦး(နှစ်ခုပေါင်း-၁၀၀ ဦး) စာရင်းတွင် ကုန်သွယ်လုပ်ငန်းလုပ်ကိုင်သူအချို့ပါဝင်ပြီးအများစုမှာ ကန်ထရိုက်လုပ်ငန်းလုပ်ကိုင်သူ ၉၀ ရာခိုင်နှုန်းခန့်ပါဝင်နေသည်ကိုတွေ့ရရာ၊ရခိုင်ပြည်နယ်၏စီးပွားရေးရေချိန်ကို လေ့လာဆန်းစစ်နိုင်ပေသည်။

     စွမ်းအားစုများ               

 ရခိုင်ပြည်နယ်၏ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများတိုးတက်အောင်မြင်အောင်မောင်းနှင်နေသောအဓိကစွမ်း အင်အဖွဲ့အစည်းများရှိနေကြပြီဖြစ်သည်။ရခိုင်ပြည်နယ်ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်း၊ရခိုင်လုပ် ငန်းရှင်များအသင်း၊စွန့်ဦးထီထွင်လုပ်ငန်းရှင်များအသင်း၊ရခိုင်ပြည်နယ်သမဝါယအသင်းစုချုပ်၊ဆားလုပ်ငန်းရှင် များအသင်း၊တောင်သူလယ်သမားအသင်း၊ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ငါးလုပ်ငန်းရှင်များအသင်း၊ မွေးမြူရေးလုပ်ငန်းရှင်များအသင်း စသည့်အားဖြင့်လုပ်ငန်းချင်းတူရာပေါင်းစပ်ထားသည့်အသင်းများရှိနေကြပြီ ဖြစ်သည်။

ရခိုင်လုပ်ငန်းရှင်များအသင်းဆိုလျှင် စစ်တွေတွင်သာမက၊ရန်ကုန်၊ဧရာဝတီ၊ပဲခူး၊ပြည်၊မန္တလေးစသည့် မြို့ကြီးများမှလုပ်ငန်းရှင်များစုပေါင်းပြိး ရခိုင်လုပ်ငန်းရှင်များအသင်း(ဗဟို)ကိုဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်းသိ ရသည်။ဆိုပါအသင်းအဖွဲ့များနည်းတူ ကုန်ထုတ်လုပ်မှုကိုလုပ်ကိုင်နေကြသောပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများလည်း ရှိကြသည်။တစ်ပိုင်တစ်နိုင်ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းရှင်များမှာ စစ်တွေတွင်သာမက သံတွဲတွင်လည်းရှိသည်။အ ဆင့်မြင့်ရိုးရာအထည်များကိုရက်လုပ်ဖြန့်ဖြူးနေခြင်းဖြစ်သည်။ထု့ိအတူ လုံချည်ရက်လုပ်သည့်လုပ်ငန်းစက်ရုံလည်း ရှိသည်။ထင်ထင်ရှားရှားဆိုရပါကရွှေကျားရက္ကန်းလုပ်ငန်းဖြစ်သည်။ထို့အပြင် စစ်တွေမြို့တွင်အထည်ချုပ်စက်ရုံနှစ် ရုံလည်းလည်းရှိသေးသည်။ရခိုင်ရိုးရာအထည်ဆိုလျှင်မြန်မာနိုင်ငံအန့ှံတင်ပို့ရောင်းချကြရသည်။လုံချည်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ရသောအထည်များဖြစ်ကြသည်။

 ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေး၊အခွန်စီမံကိန်းနှင့်စီးပွား ရေးဝန်ကြီများနာယကအဖြစ်ဆောင်ရွက်သော ရခိုင်ပြည်နယ်ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးပေါင်းစပ်ညှိနှိုင်းမှု ကော်မတီကို ၂၀၁၈ ခုနှစ်စက်တင်ဘာလအတွင်းက အဖွဲ့ဝင် ၂၁ ဦးဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။အဆိုပါ ကော်မတီအနေဖြင့်ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်အစိုးရအဖွဲ့တို့အကြား၊ဌာနများအကြားလိုအပ်သည်များကိုဆက် သွယ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။ပုဂ္ဂလိကလုပ်ငန်းရှင်များကြုံတွေ့နေရသည့် ပြသနာများ၊စိန်ခေါ်မှုများကိုကူညီဖြေရှင်းပေးနိုင်ရန်ဆောင်ရွက်ပေးနိုင်ရန်အစိုးရအဖွဲ့နှင့်လုပ်ငန်းရှင်များတွေ့ဆုံ ဆွေးနွေးပွဲများကိုအခါအားလျော်စွာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့်လည်းသိရသည်။

 ကုန်ထုတ်လုပ်မှုဦးစားပေး

 ရခိုင်ပြည်နယ်အတွင်းအဓိကလုပ်ကိုင်ရန်မှာ ဒေသခံများအလုပ်အကိုင်အခွင့်အလန်းရရှိနိုင်သောကုန် ထုတ်လုပ်မှုလုပ်ငန်းများ၊စက်ရုံအလုပ်ရုံများပေါ်ထွန်းရေးပင်ဖြစ်သည်။စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်နိုင်မှု မှသည်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရေးကိုလည်းဦးစားပေးသင့်သည်။စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ သည်ပြည်တွင်းစားသုံးမှုအတွက်သာမက နိုင်ငံခြားသို့ပါတင်ပို့နိုင်သည့်စီးပွားရေးလုပ်ငန်းလည်းဖြစ်သည်။ရခိုင် ပြည်နယ်၏ဆားလုပ်ငန်းမှာလည်းကျဆင်းနေပြီဖြစ်ကာ၊ပြည်ပဈေးကွက်နှင့်ယှဉ်ပြိုင်နေရကြောင်းဖြင့်ဆိုကြသည်။ သဘာဝကပေးထားသောပင်လယ်ကမ်းခြေနှင့်ဆားအတိပြည့်သောဆားငန်ရေများရှိပါလျက်အရည်အသွေးမြင့် ဆားများထုတ်လုပ်နိုင်ခြင်းမရှိမှုမှာလည်းအားမရစရာပင်ဖြစ်သည်။ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း၊ရေချိုပုစွန်၊ရေ ချိုငါးမွေးမြူရေးလုပ်ငန်းများ၊ကဏန်းပျော့မွေးမြူရေးလုပ်ငန်းများ၊ကျွဲ၊နွား၊ဆိတ်မွေးမြူရေးလုပ်ငန်းများကိုလည်း တစ်ပိုင်တစ်နိုင်မှသည်တစ်အုပ်တစ်မထိလုပ်ကိုင်နိုင်ကြသေးသည်။ရခိုင်ကမ်းရိုးတန်းကိုအခြေပြု၍ခရီးသွားလုပ် ငန်းများထူထောင်နိုင်ကြမည်။မာန်အောင်ကျွန်းကဲ့သို့နေရာများသည်ဆိတ်ငြိမ်ပြီး ပင်လယ်ပြင်ကိုမျက်နှာမူနေ သောသန့်ရှင်းသည်အပျိုစင်ကမ်းခြေများဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများကိုဆွဲခေါ်နိုင်သည့်နေရာများဖြစ်ကြသည်။

 ရခိုင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သံတွဲမြို့နယ်ငပလီ၌၂၀၁၉ ခုဖေဖော်ဝါရီလတွင်ပြုလုပ်မည့် ရခိုင် ပြည်နယ်နှင့်ပတ်သက်သောရင်းနှီးမြှုပ်နှံမှုပြပွဲ တွင် ပြည်တွင်းပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး၊ရခိုင် ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အခွင့်အလန်းကောင်းများကိုရယူနိုင်ကြမည်ဖြစ်သည်။ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်စီးပွားရေးအသင်းအဖွဲ့များ၊ပုဂ္ဂလိကလုပ်ငန်းရှင်များစုစည်းညီညွတ်စွာဖြင့်ရလာနိုင်သည့်အခွင့်အ လန်းကောင်းများကိုရယူနိုင်အောင်ကြိုးစားသွားကြရပေမည်။

ကျွန်းသားငမန်း

ဤဆောင်းပါးကို DEVELOPMENT NEWS JOURNAL အမှတ် ၁၀၃ တွင်လည်း ဖတ်ရှုနိုင်သည်။

 

ဗီဒီယိုများ